ပထမဆုံးအနေနဲ့ Freelancer ဆိုတဲ့ ကိုယ့်အလုပ်ကိုယ်လုပ်သူများ အကြောင်းအနည်းငယ်တင်ပြပေးချင်ပါတယ်။ အချိန်ကာလတစ်ခုကြာတဲ့အထိ ဘယ်အဖွဲ့အစည်းဘယ်လူပုဂ္ဂိုလ်လက်အောက်မှာမှ အလုပ်မလုပ်ဘဲ ကိုယ့်အလုပ်ကိုယ်လုပ်တဲ့ သူတွေကိုခေါ်ဆိုတာပါ။ ကိုယ်ပိုင်စီးပွားရေးလုပ်နေတဲ့ လူတွေကိုဆိုလိုတာလည်းမဟုတ်ပါဘူး။ ပရောဂျက်တစ်ခုကို ကိုယ်ဘာသာကိုယ်ကိုင်တွယ် လုပ်ကိုင်နိုင်တဲ့လူမျိုးတွေပေါ့။ တခြားအဖွဲ့အစည်းနဲ့ စာချုပ်ချုပ်ဆိုပြီး ပူးပေါင်းအလုပ်လုပ်တယ်ဆိုပေမယ့် လက်အောက်ခံတော့မဟုတ်ပါဘူး။ တစ်ယောက်တည်းအလုပ်လုပ်တဲ့သူတွေပါ။များသောအားဖြင့်တော့ သူတို့ကို နည်းပညာနယ်ပယ်မှာတွေ့ရလေ့ရှိပါတယ်။ ဥပမာ အဖွဲ့အစည်းပြင်ပက ဘလော့ဂါတွေ၊ ပရိုဂရမ်မာတွေ စာရေးသူတို့လို လွတ်လပ်တဲ့သတင်းရေးသားတင်ဆက်သူတွေပေါ့။ ဒါပေမယ့် တစ်ယောက်တည်း ရှေ့နေလက်မှတ်ကိုင်ပြီး ရှေ့နေလိုက်နေတဲ့ လူတွေကိုလည်း Freelance လို့သတ်မှတ်လို့ရပါတယ်။ ဆိုလိုတာက ပရော်ဖက်ရှင်နယ် ကျွမ်းကျင်တဲ့ ပညာရပ်တစ်ခုခုတော့ တတ်ကျွမ်းကြပါတယ်။ သီချင်းရေးတဲ့သူတွေ၊ ဂျာနယ်တိုက်မှာမလုပ်တဲ့ ဂျာနယ်လစ်တွေ၊ ကိုယ့်ဘာသာကိုယ် ရုပ်ရှင်ဇတ်ကားတစ်ခုခုကို ဖန်တီးနေတဲ့သူတွေ၊ ဂရပ်ဖစ်ဒီဇိုင်း၊ ဝဘ်ဒီဇိုင်းသမားတွေ အစရှိတဲ့ နယ်ပယ်ပေါင်းစုံက Freelance သမားတွေကို မြန်မာနိုင်ငံမှာလည်းတွေ့မြင်ရပါတယ်။
ဝဘ်ဒီဇိုင်းတစ်ခုလိုမျိုး ပရောဂျက်တွေကို အပ်တဲ့သူရှိတဲ့အခါ စာချုပ်ချုပ်ပြီး လက်ခံဆောင်ရွက်ပေးတတ်ကြပါတယ်။ အခကြေးငွေယူတဲ့ပုံစံကတော့ အမျိုးမျိုးရှိပါတယ်။ အချိန်နဲ့ယူတာရှိသလို ပရောဂျက်အလိုက်ယူတာလည်းရှိပါတယ်။ များသောအားဖြင့်တော့ သူတို့ယူတဲ့ဈေးနှုန်းက သူတို့ကျွမ်းကျင်မှုနဲ့တိုင်းတာရင် သင့်တင့်ချိုသာတာမို့လို့ အလုပ်အပ်တဲ့သူမရှားပါဘူး။
သူတို့ထူးခြားချက်ကတော့ သာမန်ဝန်ထမ်းတွေလို အလုပ်တစ်ခုကို အဖန်ဖန်တလဲလဲ လုပ်နေရတာမျိုးထက် အမျိုးမျိုးသော အခက်အခဲတွေနဲ့ အလုပ်လုပ်ရတာကို ပျော်ကြပါတယ်။ ပုံမှန်အချက်ကတော့ အလုပ်ကို သူတို့အစီအစဉ်နဲ့သူတို့ လွတ်လွတ်လပ်လပ်လုပ်နိုင်ဖို့ပါပဲ။ ဖန်တီးမှုစွမ်းအင်ကြီးမားတဲ့သူတွေများပါတယ်။ ဒါကြောင့်လည်း လွတ်လပ်မှုကို မြတ်နိုးကြပါတယ်။ အင်တာနက်ဆိုတဲ့အရာကတော့ သူတို့အတွက် အကောင်းဆုံးမြေပြင်တစ်ခုပါတဲ့။ အင်တာနက်ပေါ်ကနေ အီးမေးတွေ ဆိုရှယ်နက်ဝက်ခ်တွေကတဆင့် အလုပ်အပ်မယ့်သူတွေကို ရှာဖွေနိုင်တယ်လေ။ ဒီမှာတော့ တချို့ကုမ္ပဏီဝန်ထမ်းတွေကလည်း အဲဒီလိုမျိုးချိတ်ဆက်ပြီး ကိုယ်ပိုင်ပရောဂျက်လေးတွေလက်ခံကြတာကို တွေ့ဖူးပါတယ်။
ပုံလေးမှာတော့ သူတို့နဲ့ တခြားလူတွေ ဘယ်လို အလုပ်တွေခွဲဝေလုပ်ကိုင်သွားသလဲဆိုတာကို ဖော်ပြထားတာပါ။
အမေရိကမှာတော့ ၂၀၀၅ ခုနှစ်စစ်တမ်းအရ ကိုယ့်အလုပ်ကိုယ်လုပ်သူ ၁၀.၃ သန်း ရှိတယ်လို့သိရပါတယ်။
ရည်ညွှန်း။ ။http://en.wikipedia.org/wiki/Freelancer
1 comment:
စားသားလေးတွေက အရမ်းကောင်းပါတယ်။ Graph လေးကို ဒီထက်ပိုပြီး ရှင်းရှင်းလေးလေးပြရင် ပိုကောင်းမှာပေါ့။ ဒါပေ့မယ့် freelancer တွေရဲ့ဘ၀က အားကျဖို့ကောင်းပါတယ်။ တော်ရုံလူ ၊ တော်ရုံ ဇွဲ နဲ့ ဆို ရပ်တည်ဖို့ မလွယ်ပါဘူး။ အိတ်ထဲမှာ ဟောင်းလောင်းဖြစ်နေလည်း ကိုယ့်ရပ်တည်ရာတော့ မပြောင်းဘူးဆိုတဲ့ လူမျိုးပေါ့။ ဘယ်သူ့ကို ဆိုလိုလည်းတော့ သိတယ်မဟုတ်လား ။
Post a Comment